International News

မတ်လအတွင်း ဗြိတိန်နိုင်ငံ၏ GDP (၅.၈) ရာခိုင်နှုန်းဖြင့် မကြုံစဖူးကျဆင်းခဲ့ခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ၏ ရိုက်ခတ်မှုကြောင့် ဗြိတိန်နိုင်ငံ၏ GDP မှာ ယခုနှစ်၊ မတ်လအတွင်း (၅.၈) ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ လွန်ခဲ့သော နှစ်ပေါင်း (၂၀) ကျော်က စတင်ခဲ့သည့်မှတ်တမ်းများအရ (၁) လအတွင်း အကြီးမားဆုံးကျဆင်းခဲ့မှုဖြစ်ကြောင်း၊ ယခုနှစ် ပထမသုံးလပတ်ကာလအတွင်း ဗြိတိန်နိုင်ငံ၏ စီးပွားရေးမှာ (၂) ရာခိုင်နှုန်းကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန်နိုင်ငံ၊ အမျိုးသားစာရင်းအင်းရုံး (Office for National Statistics-ONS) မှ ထုတ်ပြန်ခဲ့သည့် စာရင်းများအရသိရှိရကြောင်း၊ ယင်းသို့ကျဆင်းခဲ့ခြင်းမှာ အမှန်တကယ်မကြုံဖူးခဲ့သည့် အခြေအနေဖြစ်ကြောင်း ONS ၏ စီးပွားရေးစာရင်းအင်းဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် Jonathan Athow က ဘီဘီစီရုပ်မြင် သံကြားအစီအစဉ်သို့ ပြောကြားခဲ့ ကြောင်း၊ ONS ၏ လစဉ်စာရင်းဇယားများကို ၁၉၉၇ ခုနှစ်မှ စတင် ၍မှတ်တမ်းတင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားမှုကြောင့် စီးပွားရေးကဏ္ဍအားလုံးနီးပါးအပေါ် ရိုက်ခတ်မှုရှိခဲ့သည်ဟု ၎င်းကပြောကြားခဲ့ကြောင်း၊ တည်းခိုရေး နှင့်အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍမှာ ထိခိုက်မှုအရှိဆုံးဖြစ်ပြီး၊ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို တုန့်ပြန်နိုင်ရေးအတွက် ဟိုတယ်နှင့်စားသောက်ဆိုင်များပိတ်သိမ်းထားရမှုကြောင့် ၂၀၂၀ ပြည့်နှစ်၏ ပထမသုံးလပတ်အတွင်း အဆိုပါကဏ္ဍ၌ (၉.၅) ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ပထမသုံးလပတ်ကာလအတွင်း သတင်းအချက်အလက်နည်းပညာ အထောက်အကူပြုလုပ်ငန်း၊ ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းနှင့် ဆပ်ပြာနှင့် သန့်ရှင်းရေးပစ္စည်းများထုတ်လုပ်ခြင်းစသည့် လုပ်ငန်းကဏ္ဍအနည်းငယ်တွင်သာ တိုးတက်မှု ရှိခဲ့ကြောင်း၊ ကပ်ရောဂါကြောင့် ကမ္ဘာ့ကုန်သွယ်မှုအပေါ်တွင်လည်း ရိုက်ခတ်မှုရှိခဲ့ကြောင်း၊ ပြီးခဲ့သည့် လများအတွင်း၌ တရုတ်နိုင်ငံမှ သွင်းကုန်တင်သွင်းမှုကျဆင်းခြင်း အပါအဝင် ဗြိတိန်နိုင်ငံ၏ ပို့ကုန်နှင့် သွင်းကုန်အပိုင်း၌ကျဆင်းခဲ့ကြောင်း Jonathan Athow က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

ရင်းမြစ် - (Politico)

Category: International News